Greeting

Friday, June 29, 2012

သေချာသောလမ်းမှ လျှောက်လှမ်းပါ ။


                                                    

“ တရားနာလိုက်သည့်အတွက်ကြောင့် ကိုယ်စိတ်ဟာ ယဉ်ကျေးလာသလား၊ လောဘတွေ နည်းလာသလား၊ ဒေါသတွေ နည်းလာသလား၊ အရင်က တစ်နေ့ကို ဆယ်ခါလောက်စိတ်ဆိုးရင် တရားနာပြီးတဲ့နောက်မှာ တစ်ခါတောင်မှ အနိုင်နိုင် ဆိုးတော့တယ်ဆိုရင် ဒါ တိုးတက်မှုပဲ။ လောဘဖြစ်တဲ့၊ ဒေါသဖြစ်တဲ့ အကြိမ်တွေ နည်းလာပြီဆိုရင် ဒါ တိုးတက်မှုပဲ”

                                                                           (အရှင်နန္ဒမာလာဘိဝံသ)


“ မြတ်စွာဘုရားးက သုတ္တန်တစ်ခုမှာ ဒီလိုဟောထားတယ်၊ 'သူများစိတ်မသိလျှင် နေပါစေ ကိုယ့်စိတ်ကို ကိုယ် သိအောင် ကြိုးစားပါတဲ့။ ”

“သူများစိတ်သိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ များသောအားဖြင့် လူတွေက သူများအကြောင်း သိဖို့ ကြိုးစားကြတာ များတယ်။ ကိုယ့်အကြောင်းတော့ ကိုယ်သိတယ် ထင်တာကိုး။ အဲ့ဒီတော့ ကိုယ့်အကြောင်း ကိုယ်သိအောင် ကြိုးစားပါတဲ့။ ဒီလိုပြောတာ ”

“ သိအောင်ကြိုးစားပါဆိုတော့ ဘာတွေသိအောင် ကြိုးစားရမှာလဲဆိုလျှင် ငါ့စိတ်ထဲမှာ တွယ်တာတဲ့၊ မက်မောတဲ့ တဏှာလောဘတွေ ဘယ်လောက်အထိ ရှိသလဲ။ ဒေါသဆိုတဲ့ စိတ်ဆိုးစိတ်မိုက်တွေ ငါ့သန္တာန်မှာ ဘယ်လောက်အထိ ရှိနေလဲ။ ငါ့စိတ်ကလေးဟာ တည်ငြိမ်မှုကော ရှိရဲ့လား။ ကုသိုလ် ကောင်းမှု အပေါ်မှာ တွန့်ဆုတ်မှုတွေ ရှိသလား။ တရားဓမ္မနှင့် ပတ်သတ်ပြီး သံသယတွေ ရှိသလား။ မရှိဘူးလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အစဉ်ထာဝရ စစ်ဆေးပြီး ကြည့်ရမယ်တဲ့ ”

“ စိတ်ရဲ့အညစ်အကြေးတွေ ကိုယ့်သန္တာန်မှာ ရှိနေတာတွေ့ရလျှင် ဒီအညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့က အဓိကပဲ။ အဲ့ဒီ ဖယ်ရှားပစ်တဲ့နည်းလမ်းမှာလည်းပဲ နည်းလမ်းမှန်နှင့် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လျှင် ထိုအညစ်အကြေးတွေ လျော့သထက်လျော့၊ ပျောက်သထက် ပျောက်သွားလျှင် ဒါမှန်ကန်တဲ့တရားလို့ မှတ်ပါတဲ့။ အဲ့ဒီလို မဟုတ်ဘူး။ မှားယွင်းတဲ့တရားဖြစ်လို့ ဒီ  'စံ' နှုန်းနှင့် မကိုက်ညီဘူးဆိုလျှင် ဘုရားဟောတရား မဟုတ်ဘူးလို့ မှတ်ပါတဲ့ ”


                                        

      သံသရာခရီးသွား အမှားမလုပ်မိစေနှင့် ....

                                                     .......  သုပ္ပဗုဒ္ဓ ၀တ္ထု .....

“သုပ္ပဗုဒ္ဓဆိုတဲ့ လူတစ်ယောက်။ ဒီလူက အနာကြီးရောဂါသည်။ ဘုရားတရား နာလိုက်ရတဲ့အခါမှာ သောတာပန်ဖြစ်သွားတယ်။ ထူးခြားတဲ့ အသိဥာဏ်ရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သို့သော် တစ်ကိုယ်လုံး အဖုအပိန့်တွေနဲ့ အနာကြီးရောဂါ စွဲကပ်ပြီးနေတာ။ ဘာဖြစ်လို့ ဒီလိုအနာကြီးရောဂါ စွဲကပ်ရတုန်း။ ခုခေတ်လို ပြောမယ်ဆိုလို့ရှိရင် အနာကြီးရောဂါမျိုးရိုးပါတာလို့ ပြောချင်ပြောကြမှာပေါ့။ ဒါပေမယ့် ဘာဖြစ်လို့ အနာကြီးရောဂါ စွဲကပ်ရသလဲဆိုရင် တစ်ခုသော ဘ၀မှာ ပစ္စေကဗုဒ္ဓါကို စွပ်စွဲပြီးတော့ နှုတ်နဲ့ပြောခဲ့ဖူးတယ်။ 'အနူအ၀ဲတွေ' လို့ ဆဲခဲ့တယ်တဲ့။ ဟော၊ အနူအ၀ဲနဲ့ ဆဲခဲ့သည့်ကိစ္စကြောင့်မို့လို့ ဒီဘ၀မှာ အနူလာဖြစ်တာ၊ အင်မတန်မှ ကြောက်စရာကောင်းတယ်နော်။ ..”

 .                                                                                 (ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)


No comments:

Post a Comment